ထိန်းမရ ရပ်မရအောင် အဆက်မပြတ် နှာချေတာမျိုးဖြစ်ဖူးလား
နှာချေ၊ နှာရည်ကျတာမျိုးကို နေရာတစ်ခုကိုရောက်တိုင်းမှာ သို့မဟုတ် အချိန်တစ်ခုခုမှာ အဆက်မပြတ် ဖြစ်ဖြစ်နေတတ်တာကို သတိထားမိလား ?
ဒီလိုတွေ ဖြစ်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ်က ဓာတ်မတည့်မှုကြောင့် နှာခေါင်းရောင်ရမ်းခြင်း ဖြစ်ဖို့များနေပါပြီ။
တစ်စုံတစ်ခုကို ဓာတ်မတည့်ခြင်းဆိုတာ ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ သာမာန်အားဖြင့် အန္တရာယ်မဖြစ်စေနိုင်လောက်တဲ့အရာများကို သင့်ကိုယ်ခံအားစနစ်က ရန်သူသဖွယ်သတ်မှတ်ပြီး တုန့်ပြန်မှု လွန်ကဲနေလို့ဖြစ်ပါတယ်။
ဓာတ်မတည့်မှု ဖြစ်စေတတ်တဲ့ အရာများကတော့
- လေထုထဲမှာရှိတဲ့ ဖုန်၊ အမှုန်အမွှားများ
- မီးခိုးငွေ့မျိုးစုံ
- ရေမွှေး၊ ဆံပင်ဖြန်းဆေး စတဲ့ အနံ့အမျိုးမျိုး
- တိရစ္ဆာန်တို့ရဲ့ အမွှေးများ၊ သွားရည်များ
- စိုထိုင်းသောနေရာများတွင် ပေါက်ပွားနိုင်သော မျက်စိဖြင့်မမြင်ရသည့် မှိုများ
- ပန်းဝတ်မှုန်များ၊ မြက်နှင့် အပင်အချို့
- အပူအအေး ရုတ်တရက်ပြောင်းလဲခြင်းများ စတာတွေ ဖြစ်နိုင်ပါတယ်။
တစ်ခုခုကို ဓာတ်မတည့်မှုဖြစ်ပြီဆိုရင် ဘာတွေ ခံစားရမလဲ?
- ထိန်းမရ ရပ်မရအောင် အဆက်မပြတ် နှာချေခြင်း
- ရေလို နှာရည်ကျဲကျဲ မဆက်မပြတ်ကျခြင်း
- နှာခေါင်းပိတ်ခြင်း
- နှာခေါင်းယားယံခြင်း
- မျက်လုံးများ နီရဲနေခြင်း များဖြစ်တတ်ပါတယ်။
ဓာတ်မတည့်မှုကြောင့် နှာချေနှာရည်ယိုဖြစ်ခြင်းက ဗိုင်းရပ်စ်ကူးစက်တာကြောင့်ဖြစ်တဲ့ အအေးမိရာသီတုပ်ကွေးလို တစ်ယောက်ကနေတစ်ယောက်ကို မကူးစက်စေပါဘူး။ ဖြစ်တဲ့လက္ခဏာတွေကလည်း သိပ်မပြင်းထန်တဲ့အဆင့်၊ ဆိုးရွားတဲ့အဆင့်၊ ရက်ပိုင်းဖြစ်တဲ့အဆင့်ကနေ ရေရှည်လနဲ့ချီမပျောက်နိုင်တဲ့အဆင့်အထိလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ထိပ်ကပ်နာဖြစ်ခြင်း၊ နှာခေါင်းတွင်း အသားပိုအလုံးများ ဖြစ်ခြင်း၊ နားအတွင်းပိုင်းပိုးဝင်ရောင်ရမ်းခြင်း၊ နားပြည်ယိုခြင်း များလည်း ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာက တစ်ခုခုကို ဓာတ်မတည့်မှုဖြစ်ပြီဆိုရင် အဲဒီဓာတ်မတည့်စေတဲ့အရာကို မဖယ်ရှား မရှောင်ရှားပစ်မချင်း လက္ခဏာတွေက အရှင်းမပျောက်နိုင်ဘဲ ပြန်ပြန်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာတွေနဲ့ထိတွေ့ရင် ဓာတ်မတည့်မှုဖြစ်တတ်သလဲဆိုတာ သတိထားကြည့်ပြီး ရှောင်ရှားနေနိုင်ရင်တော့ အကောင်းဆုံးပါ။
ဓာတ်မတည့်တဲ့ဝေဒနာတွေကို သက်သာအောင် အနေအထိုင်ဆင်ခြင်ခြင်း၊ အိမ်သုံးဆေးဝါးများအချို့နဲ့ နှာခေါင်းထဲ ဆားရည်အစက်ချခြင်းစတဲ့ နည်းလမ်းများ ဖြင့် သက်သာအောင် နေထိုင်နိုင်ပါတယ်။ ထပ်မဖြစ်အောင်နဲ့ ရေရှည်မှာ ပိုမိုဆိုးဝါးမလာအောင်လည်း သက်ဆိုင်ရာ ဆရာဝန်များနှင့်လည်း တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်ပါတယ်။
ဒေါက်တာ ယုမွန်